ဒလ ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာကြည့်တိုက်မှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ် ပေးစေလိုကြောင်း၊ မြို့နယ်အတွင်းရှိစာကြည့်တိုက်အားလုံး ရေရှည် ရှင်သန်ဖွံ့ဖြိုးတိုးတက် စေရန်အတွက် စာကြည့်တိုက်ကော်မတီဝင်နှင့် စာကြည့်တိုက်မှူးများ အလေးထား ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ် စာစောင်များ၊ နံရံကပ်စာစောင်များကို တက်ရောက်လာသော စာကြည့်တိုက်ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်မှူးများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)