မရမ်းကုန်း ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မရမ်းကုန်းခရိုင်မရမ်းကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကလေး၊ သူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်လျက် ကာတွန်းအခြေခံရေးဆွဲနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂ ရက်နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးရှင်ဇာနန်က မုဓိတာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ မောင်ပန်းဝေ(ညောင်တုန်း)က သင်တန်းမိတ်ဆက်စကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကာလမှာ ဧပြီ (၂) ရက်မှ (၂၄) ရက်အထိ အခမဲ့ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တက်ရောက်လျက်ရှိသည်။ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ သင်တန်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်၊ စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)