ပင်လုံ ဩဂုတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပင်လုံ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပင်လုံမြို့ နောင်မိန်းကျေးလက်ကျန်းမာရေး ဌာနခွဲ၊ ကောင်းပုံကျေးရွာ၌ ၁၅ နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများ အား ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးတိုက်ခြင်း၊ ထိုးခြင်းလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများမှ ၆လ မှ ၁နှစ် ကလေးများအား ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်း အားလည်းကောင်း၊ ၁နှစ် မှ ၃နှစ် ကလေးများအား ပိုလီယို၊ ဆုံဆို့- ကြက်ညှာ- မေးခိုင်- အသည်းရောင်(ဘီ)- ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်း နှင့် ၃နှစ် မှ ၁၅ နှစ် ထိ ကလေးများအား ပိုလီယို၊ မေးခိုင်- ဆုံဆို့နာ၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းအား ကောင်းပုံကျေးရွာ၌ ၁၅နှစ်အောက် ကလေး ၁၉၆ ဦး အား ပထမအကြိမ် ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ်၊ တတိယအကြိမ် ကာကွယ်ဆေး တိုက်ခြင်း၊ ထိုးခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ပင်လုံ)