ငါန်းဇွန်မြို့နယ်၌ အရင်းအနှီးနည်းသော တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူခြင်းမှ စီးပွားဖြစ်

ငါန်းဇွန် ဧပြီ  ၃

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်း ဆိတ်မွေးမြူသူများအနေဖြင့် ဆိတ်များကို တစ်ပိုင်တစ်နိုင်မွေးကြရာ မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ဆိတ်ဈေးများ ဈေးကောင်းရရှိကြရာ ဆွေမွေးမြူခြင်းမှာ အကျိုးဖြစ်ထွန်းကြောင်း၊ အရွယ်ရောက်ပြီး ဆိတ်ပေါက်(ဆိတ်သိုး၊ ဆိတ်ထီး) တစ်ကောင်လျှင် ပေါင်ချိန်(၁၅၀)ရှိပြီး ဆိတ်မတစ်ကောင်လျှင် ပေါင် (၇၀) ထိရှိကြောင်း သိရသည်။ လက်ရှိဆိတ်ဈေးနှုန်းမှာ ဒေသပေါက်ဈေး တစ်ပေါင်လျှင် ကျပ် ၅၀၀၀ ကျပ်နှုန်းရှိသဖြင့် တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူသူများ ဝင်ငွေကောင်းကြကြောင်း သိရသည်။

ဆိတ်မွေးမြူရာတွင် ကျွေးမွေးသည့်အစာဖိုးကုန်ကြစရိတ် နည်းပါးရုံသာမက နံနက်ပိုင်းအချိန် (၂) နာရီခန့်နှင့် မွန်းလွဲပိုင်း (၂)နာရီခန့် ထွက်ကျောင်းခြင်းဖြင့် ဆိတ်များကိုမွေးမြူနိုင်ကြောင်း၊ ဆိတ်ခြံတစ်ခြံလျှင် ဆိတ်အကောင်ရေ(၇၀) မွေးမြူနိုင်ကြောင်း၊ အရွယ်ရောက်ပြီး ဆိတ်မ တစ်ကောင်သည် (၄)လလျှင်တစ်ကြိမ် သားပေါက်၍ တစ်နှစ်လျှင်(၂)သားနှင့် တစ်ဗိုက်နှုန်းမွေးရာ တစ်သားလျှင် ဆိတ်ကလေး တစ်ကောင်မှ နှစ်ကောင် အချို့သုံးကောင်အထိမွေးကြောင်း၊ ဆိတ်များကို နွေရာသီ၌မွေးမြူသင့်ပြီး ဆောင်းရာသီနှင့်မိုးရာသီများတွင် အအေးဒဏ်နှင့် စိုစွတ်သောဒဏ် ရာသီဥတုဒဏ်များကြောင့် မွေးကင်းစဆိတ်ကလေးများမှာ   အသေအပျောက်များတတ်ကြောင်း  တစ်ပိုင်တစ်နိုင်ဆိတ်မွေးမြူသူ ဦးဆိတ်မောင်ထံမှ ကြားသိရသည်။

အစာဖိုးစိုက်ထုတ်ရခြင်းမရှိသဖြင့် အရင်းအနှီးနည်းပြီး အကျိုးအမြတ်များသော တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူခြင်းမှာ မိသားစုအတွက်ဝင်ငွေများရရှိသောကြောင့် ဆိတ်မွေးမြူခြင်းမှာ အကျိုးဖြစ်ထွန်းကြောင်းနှင့် တစ်ပိုင်တစ်နိုင်ဆိတ်မွေးမြူသင့်ကြောင်း ၎င်းထံမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)