မောက်မယ် ဧပြီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းကြီးကြပ်ရေးအဖွဲ့၊ စိုက်ပျိုးတောင်သူများ၊ စက်သုံးဆီလုပ်ငန်းရှင်များတို့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က စိုက်ပျိုးရေးကဏ္ဍတွင် စက်သုံးဆီလုံလောက်စွာရရှိရေး မြေပြင်စိုက်ပျိုးမည့် အမှန်ဧရိယာစာရင်းများ၊ လယ်ယာသုံးစက်ကိရိယာစာရင်းများအား သက်ဆိုင်ရာဌာနများနှင့် သတ်မှတ်ချိန်အတွင်းကောက်ယူစေရေး၊ တောမီးရှို့မှုနှင့် ပေါ့ဆမှုကြောင့် မီးလောင်မှုများမရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်စေရေး၊ သဘာဝရေထွက်များအား ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပြည်သူများမှ ပူးပေါင်းပါဝင်စောင့်ရှောက်စေရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များစပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတို့မှ မိမိတို့၏လုပ်ငန်း ဆောင်ရွက်နေမှုများအား တစ်ဦးချင်းတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)