မိုးနဲမြို့နယ်၌ တောမီးများမရှို့စေရေးနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေး တောင်သူအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုးနဲ ဧပြီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စု၊ ဆိုက်ဖြေ(ဟန်ပုံး)ကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမတွင် သဘာဝမြေသြဇာပြုလုပ်သုံးစွဲစေရေးနှင့် တောမီးမရှို့စေရေး အသိပညာပေးဟောပြောပွဲကို အဆိုပါ ကျေးရွာခန်းမနေရာ၌ တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က တောမီးများမီးရှို့မှုမရှိစေရေးနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) လျှောက်ထားနိုင်ရေးကိုလည်းကောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေဩဇာအစား သဘာဝမြေသြဇာများပြုလုပ်သုံးစွဲရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြည်စေရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးကိုလည်းကောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်မှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ဒေသခံများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)