ကျောက်ပန်းတောင်းမြို့ G.T.I Quarantine Center ဝင်ရောက်နေသူ(၂၄၆)ဦးမှ Swab ယူရန်ကျန်ရှိသူ(၆၅)ဦးအား RDT Test Kit ဖြင့်စစ်ဆေးရာ အနံ့ပျောက်ပိုးတွေ့နှင့်ဆက်စပ်သူ (၈)ဦးတွင်ရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း၊  ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း Quarantine Center ဝင်ရောက်နေသူ (၂၄၆)ဦးမှ Swab ယူရန်ကျန်ရှိသူ(၆၅)ဦးအား ဇန်နဝါရီ(၁၃)ရက်နေ့ က RDT Test Kit ဖြင့်စစ်ဆေးရာ၊ ယမန်နေ့က အနံ့ပျောက် သဖြင့် ဆေးရုံတက်ရောက်ကုသပြီး၊ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိသူများနှင့်ဆက်စပ်သဖြင့် Quarantine ဝင်ရောက်နေသူ(၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့ မြို့ပေါ်ရပ်ကွက်အချို့မှ အနံ့ပျောက်သဖြင့် ဆေးရုံတက်ရောက်ကုသပြီး၊ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့သဖြင့်၊ ၎င်း ပိုးတွေ့လူနာများနှင့်ဆက်စပ်သူများကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Center ရှိ အဆောင်သစ်တွင် ပို့ဆောင်ထားရှိခဲ့ရပြီး၊ RDT Test Kit ဖြင့် စစ်ဆေးရာမှ အောင်မင်္ဂလာရပ်ကွက်မှ အမျိုးသမီး(၂)ဦး၊ မြို့မရပ်ကွက်မှ အသက်(၁)နှစ်အရွယ် ယောက်ကျားလေး(၁)ဦး၊ စည်ပေါက်ကန်ကျေးရွာမှ အမျိုးသမီး (၂)ဦး၊ ချောင်းခြားစု (မြောက်)ကျေးရွာမှ အမျိုးသမီး အမျိုးသမီး(၁)ဦး၊ သာယာအေးရပ်ကွက်မှ အမျိုးသား(၁)ဦးနှင့် မြောက်တော ကျေးရွာမှ အမျိုးသား (၁)ဦး စုစုပေါင်(၈)ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး၊ အဆိုပါပိုးတွေ့လူနာများတွင် အသက်အကြီးဆုံး(၈၅)နှစ် အရွယ် အဖွားအို(၁)ဦးပါရှိပြီး၊ အသက်အငယ်ဆုံး (၁)နှစ်သားကလေး(၁)ဦးပါရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာများကို ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေပြီး၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်မှုရှိခဲ့သူများကို  စုံစမ်းဖော်ထုတ်၍ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း Quarantine Center သို့ ပို့ဆောင်ထားရှိသွား မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)