မိုင်းနောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မိုင်းနောင် ဧပြီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူပြင်းခြောက်သွေ့သောနွေရာသီအတွင်း မီးလောင်ကျွမ်းဆုံးရှူံးမှုများ မရှိစေရေးအတွက် အစိုးရအဆောက်အအုံများ၊ လူနေအိမ်များ၊ စက်သုံးဆီဆိုင်များ၊ ပွဲရုံများ၊ စျေးဆိုင်ခန်းများတွင် သွယ်တန်းထားသော မီးကြိုးများ ခိုင်ခန့်မှုရှိ/မရှိ စစ်ဆေးခြင်း၊ လောင်စာဆီများ စနစ်တကျသိုလှောင်ထားခြင်း၊ မီးလောင်လွယ်သောပစ္စည်းများ သိုလှောင်ထားခြင်းများ ရှိ/မရှိ စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ကာ အရေးပေါ်အချိန်ကျရောက်လာပါက ဆောင်ရွက်ထားရမည့် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့်အတူ မိုင်းနောင် နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်း၊ မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ကျော်ဇင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက် နှိမ်နှင်းရေးအဖွဲ့ဝင်များ ရပ်မိ၊ ရပ်ဖများ ပူးပေါင်းကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)