မြင်းခြံခရိုင်တွင် ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း မီးလောင်မှု (၄၇) ကြိမ်ထိ ဖြစ်ပွားခဲ့

မြင်းခြံ ဇန်နဝါရီ ၁၄

၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်တွင် မီးလောင်မှု (၄၇) ကြိမ်ထိ ဖြစ်ပွားခဲ့ကြောင်းနှင့်ယခင်နှစ်ကထက်(၁၅)ကြိမ် ပိုမိုဖြစ်ပွားခဲ့ကြောင်းကို မြင်းခြံခရိုင် မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သက်လှိုင်ထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း မြင်းခြံခရိုင်မှာ မီးလောင်မှု (၄၇) ကြိမ်ဖြစ်ပွားခဲ့ပြီး မြို့နယ်အလိုက် မီးလောင်မှုအကြိမ်အရေအတွက်အနေနဲ့ မြင်းခြံမြို့မှာ (၁၅) ကြိမ်၊ နွားထိုးကြီး မြို့မှာ (၁၂) ကြိမ်၊ တောင်သာ မြို့မှာ (၁၁) ကြိမ်၊ ငါန်းဇွန်မြို့မှာ (၉) ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ မြင်းခြံ ခရိုင်အတွင်း မီးလောင်မှု အများဆုံး ဖြစ်စဉ်မှာ  မီးဖိုမီး၊ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ခြင်းဖြစ်ပြီး ပြည်သူများ လျှပ်စစ်မီးကို သုံးစွဲမှုများ လာသည်နှင့် အမျှ သတိမပြုမိသည့် အခြေအနေများကြောင့် မီးလောင်မှုများ ဖြစ်ပွားရခြင်းဖြစ် ကြောင်း၊ ယခု ပွင့်လင်းရာသီရောက်ပြီဖြစ်သည့်အတွက် မြင်းခြံခရိုင်အတွင်းမှာရှိ မြို့နယ်မီးသတ် မြို့နယ်ဦးစီးမှူးများ ဦးဆောင်ကာ လူစည်ကားရာ ဈေး၊ ဓာတ်ဆီဆိုင်များတွင် မီးငြိမ်းသတ်နည်း လက်တွေ့ သရုပ်ပြခြင်း၊ ရပ်ကွက် အတွင်းရှိ ရေတွင်းထဲ သို့ လူ၊ တိရစ္ဆာန်ပြုတ်ကျပါက ကယ်ဆယ်နိုင်ယူရေး လေ့ကျင့်မှု များ၊ တစ်အိမ်တက် တစ်အိမ်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ အဆင်သင့် ထားရှိမှုများ စစ်ဆေးခြင်း၊ စားသောက်ဆိုင်များ/ အလုပ်ရုံများတွင် မီးသတ်ဆေးဘူးများ စနစ်တကျ ထားရှိမှုများ လိုက်လံ စစ်ဆေးပေးလျက်ရှိကြောင်း မြင်းခြံခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်သက်လှိုင်က ပြောသည်။

၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း မီးလောင်မှုအကြိမ်ရေ (၃၂)ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံး မှုတန်ဖိုး ကျပ်သန်းပေါင်း (၅၅.၉၉)သန်း၊ ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း မီးလောင်မှုအကြိမ်ရေ (၄၇) ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း (၃၂.၉၁) သန်း ဆုံးရှုံးခဲ့ကာ ၂၀၂၀ ပြည့်နှစ်အတွင်း မန္တလေးတိုင်းဒေသကြီး ခရိုင် (၇)ခရိုင်ရှိသည့်အနက် မြင်းခြံခရိုင်မှာ မီးလောင်မှု အကြိမ်ရေ ဒုတိယ အများဆုံးဖြစ်ကြောင်း သိရသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း၊ လေ့ကျင့်ခြင်း၊ မီးငြိမ်းသတ်နည်းများကို လက်တွေ့ သရုပ်ပြခြင်း များဆောင်ရွက်သဖြင့် မီးလောင်မှုများ လျော့နည်းလာမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် မီးကို စနစ်တကျ ရိုရိုသေသေ သုံးစွဲကြရန် လိုအပ်ကြောင်းသိရှိရသည်။                   

ကျော်စွာ(မြင်းခြံ)