ပျော်ဘွယ် ဧပြီ ၃
ပျော်ဘွယ်မြို့နယ်တွင် လူငယ်လူရွယ်များ ဘာသာတရားကို ပိုမိုကိုင်းရှိုင်းတတ်လာစေရန်၊ ယဉ်ကျေးမှုဆိုင်ရာ သုံးဆယ့်ရှစ်ဖြာမင်္ဂလာအား သိရှိစေရန်နှင့် လိုက်နာကျင့်သုံးတတ်စေရန်ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ခင်ကြီးယကျေးရွာ၊ ဘုရားငါးဆူကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဧပြီလ ၃ ရက် နံနက် ၈ နာရီမှစတင်၍ ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။
ယဉ်ကျေးလိမ္မာသင်တန်းကို ဘုရားငါးဆူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဘုရား၊ တရား၊ သံဃာဂုဏ်တော်များ၊ လူကျင့်ဝတ်များ၊ သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတော်များအပြင် ဘာသာတရားကိုင်းရှိုင်းတတ်လာစေရန်၊ ကိုယ်ကျင့် တရားကောင်းမွန်သော လူငယ်လူရွယ်များဖြစ်လာစေရန် နှစ်စဉ်နွေရာသီကာလ၌ ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း၊ နှစ်စဉ်ကျင်းပလျက်ရှိသည့် မြို့နယ်အဆင့် ယဉ်ကျေးလိမ္မာစာမေးပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စေလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လမှစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မေလကုန်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၅၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ဆုရရှိသူများကိုလည်း ဆုချီးမြှင့်ပွဲအခမ်းအနား၌ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)