ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ငါန်းဇွန်  ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ ပူးပေါင်း၍ မြင်းခြံကျော်အောင်(ခ) သန်းထက်စံ၏ “ငါသူဌေး ဖြစ်မဲ့လူလား”စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင်ဗဟုသုတ တိုးပွားစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး “ငါသူဌေး ဖြစ်မဲ့လူလား”စာအုပ်တွင်ပါရှိသည့်“”သူဌေးဖြစ်ရခြင်း၏ လျှို့ဝှက်ချက်”ခေါင်းစဉ်ဖြင့် ဆင်းရဲခြင်းသည် ရှက်စရာမဟုတ်ပါ၊ သို့သော် ဆင်းရဲသောဘဝမှ လွတ်မြောက်အောင် အားမထုတ်ခြင်းကား ရှက်စရာဖြစ်ကြောင်း၊ ကိုယ့်ဘဝမှာ ရှက်စရာဘဝမျိုး မဖြစ်အောင် ထုဆစ်ပါ၊ သူဌေးက လူတိုင်းဖြစ်နိုင်ကြောင်း ကာယစွမ်းအား၊ ဉာဏစွမ်းအား အားကုန်စိုက်ထုတ် ကြိုးပမ်းဖို့ လိုပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင်  စိုက်သိပ္ပံ (ပထမနှစ်) ကျောင်းသူ မဆွေဇင်သိမ့်က “သူဌေးကြီး ဘာတွေတွေးပြီး ဘာတွေလုပ်ခဲ့သလဲ” ခေါင်းစဉ်ဖြင့် သူဌေးကြီး ဘာတွေတွေးပြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာ၊ သူလိုဖြစ်ချင်ရင် သူလို စာဖတ်ပါ၊ လောကကို မြင်အောင်ကြည့်ပါ၊ သူ့လို တွေးပါ၊ သူ့လို လုပ်ပါလို့ စေတနာနှင့် ပြောကြားအပ်ပါကြောင်း ကိုလည်းကောင်း၊ အဖွဲ့ဝင် Grade-11 ကျောင်းသူ မသိမ့်သိဂအောင်က “အများချစ်ခင် စီးပွားဉစ္စာ တိုးတက်မည်ပင်”ခေါင်းစဉ်ဖြင့် အများချစ်ခင်ပြီး စီးပွားဥစ္စာ တိုးတက်ရတာဟာ မြတ်စွာဘုရားဟော သင်္ဂဟဝတ္ထု လေးပါးဖြစ်သည့် ပထမ-ပေးကမ်းလှူဒါန်းခြင်း၊ ဒုတိယ-နူးညံ့ကြင်နာ ချစ်ဖွယ်စွာ ပြောဆိုခြင်း၊ တတိယ-အရေးကိစ္စများတွင် ကူညီလုပ်ဆောင်ပေးခြင်း၊ စတုတ္ထ-တန်းတူဆက်ဆံခြင်းတို့ကို တိတိကျကျ လိုက်နာလို့ဖြစ်ကြောင်းကိုလည်းကောင်း “ငါသဌေး ဖြစ်မယ့် လူလား”စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)