မိုးနဲမြို့နယ်၌ ဒေသတွင်းနွားမျိုးကောင်းမျိုးသန့် ပြန့်ပွားစေရေး မေထုံမဲ့သားစပ်နည်းဖြင့် ဆောင်ရွက်လျက်ရှိ

မိုးနဲ ဧပြီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် နွားမျိုးကောင်း မျိုးသန့်များ ပြန့်ပွားစေရေးအတွက် မေထုံမဲ့သားစပ်နည်းဖြင့် ဒေသနွားမျိုးများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးလုပ်ငန်းများနှင့် တိရစ္ဆာန်များကျန်းမာရေးအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများအပြင် နွားစာအဖြစ် အာဟာရပြည့်ဝသော နေဗီယာမြက်များစနစ်တကျစိုက်ပျိုးနိုင်စေရန် နည်းပညာများဖြန့်ဝေပေးခြင်းနှင့် လယ်ယာလုပ်ငန်းခွင်များတွင်အသုံးပြုနေသည့် ဒေသနွားမျိုးများဖြစ်သော နွားပြာစိမ်းမျိုးများကို မျိုးသန့်ပြန့်ပွားစေရေး မေထုံမဲ့သားစပ်နည်းများဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေကြောင်း၊ မြို့နယ်အတွင်း နွားကောင်ရေ ၂၀၉၇၇ ကောင်မွေးမြူထားရှိပြီး ၂၀၂၅-၂၀၂၆ခုနှစ်အတွင်း မေထုံမဲ့သားစပ်ခြင်း ကောင်ရေ ၃၀ ကောင်ကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ နွားမွေးမြူသူ‌တောင်သူများအ‌နေဖြင့် နံနက်ခင်းပိုင်းတွင် စာကျက်မြေများ၌ သဘာဝအတိုင်းလွှတ်ကြောင်းထားပြီး နေ့ခင်းပိုင်းတွင် စိုက်ပျိုးထားသောမြက်များကို ဖြည့်စွက်စာအဖြစ် ပြန်လည်ကျွေးမွေးထားကြောင်း၊ ဒေသတွင်းနွားများ ပေါင်ပုပ်၊ လက်ပုပ်နှင့် ခွာနာ၊ လျာနာရောဂါများအဖြစ်များပြီး ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနဝန်ထမ်းများက ဖြစ်ပွားတတ်သော အချိန်ကာလများတွင် ကြိုတင်ကာကွယ်ဆေးများကို ကွင်းဆင်းပြီးထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)