လားရှိုးမြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် အခမဲ့ဖွင့်လှစ်သင်ကြားသည့် နွေရာသီအခြေခံအားကစားနည်းသင်တန်း ဆင်းပွဲကျင်းပ

လားရှိုး ဧပြီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ခရိုင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့်အခြေခံနွေရာသီအခြေခံ အားကစားနည်းသင်တန်းဆင်းပွဲကို ဧပြီ ၁ ရက်နေ့က ပြည်ထောင်စုအားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး အားကစားသင်တန်းသားသင်တန်းသူများက အားကစားနည်းများအလိုက် သရုပ်ပြကစားပြသခဲ့သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက နွေရာသီအားကစားသင်တန်းအတွက် ချီးမြင့်ငွေများ၊ အားကစားပစ္စည်းများ၊ သင်တန်းနည်းပြများအတွက် ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းသားသင်တန်းသူများအတွက် သင်တန်းဆင်းလက်မှတ်များအား အသီးသီးချီးမြှင့်ပေးအပ် ခဲ့သည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ ၁ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုအားကစားကွင်းတွင် ဘော်လုံး၊ ဖူဆယ်၊ စစ်တုရင်၊ ကြက်တောင်၊ ဘော်လီဘော၊ ကာရာတေးနှင့် ပိုက်ကျော်ခြင်းစသည့်အားကစားနည်းများကို သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျလေ့ကျင့်သင်ကြားခဲ့ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

လူမော် (ပြန်/ဆက်)