နေပြည်တော် ဧပြီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ အရောင်းဆိုင်များအတွက် ခွင့်ပြုရရှိထားသည့် PO ခွဲတမ်းများအတိုင်း အမြန်ဆုံးထုတ်ယူ၍ အရောင်းဆိုင်သို့ အချိန်မီရောက်ရှိနိုင်ရေးနှင့် စက်သုံးဆီစဉ်ဆက်မပြတ်ရောင်းချနိုင်ရေးတို့ကိုလည်း စောင့်ကြည့်ကြပ်မတ်၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်သုံးဆီရောင်းချပေးမှုတွင် နိုင်ငံတော်မှချမှတ်ထားသည့် လမ်းညွှန်မှုအတိုင်း ရောင်းချပေးလျက်ရှိပါကြောင်းနှင့် ချမှတ်ထားသည့်စည်းမျဉ်း၊စည်းကမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ လက်ရှိအချိန်တွင် QR Code၊ Bar Code စနစ်ဖြင့် အင်ဂျင်ပါဝါအလိုက် ဝယ်ယူခွင့်ပြုထားကြောင်းနှင့် ကော်မတီအဖွဲ့ဝင်များအနေဖြင့်လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ သင်္ကြန်ကာလတွင်လည်း စက်သုံးဆီများ ပုံမှန်ရောင်းချနိုင်ရန် လိုအပ်ပါကြောင်း၊ မြို့နယ်များအတွင်း လောင်စာဆီအခက်အခဲကြောင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှု ထိခိုက်မှုမရှိစေရန် စက်သုံးဆီများအား တောင်သူဝယ်ယူရရှိနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်းနှင့် တက်ရောက်လာသည့် ကော်မတီဝင်များအနေဖြင့်လည်း လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက မှောင်ခိုဈေးကွက်မရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ စက်သုံးဆီများကိုလည်း ယခုကာလတွင် မီးဘေးလုံခြုံရေးအတွက် ထိန်းသိမ်းသိုလှောင်ထားခြင်းမရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြရန်နှင့် စက်သုံးဆီခြိုးခြံခြွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် လိုက်နာရမည့်စည်းကမ်းချက်များအား သိရှိစေရေး အလေးထားဆောင်ရွက်သွားရန် ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)