မိုင်းပျဉ်းမြို့ စွန်တောင်းကျောင်း(၇၅)နှစ်ပြည့် စိန်ရတုစေတီထီးတော်တင်ပွဲနှင့် ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါးအား ဂုဏ်ပြုပွဲကျင်းပ

မိုင်းပျဉ်း ဧပြီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ရှိ စွန်တောင်းဘုန်းတော်ကြီးကျောင်း (၇၅)နှစ်ပြည့် စိန်ရတုစေတီထီးတော်တင်ပွဲနှင့် နိုင်ငံတော်မှပေးအပ်သော ဘွဲ့တံတော်ရ ဆရာတော်(၂)ပါးအား ဂုဏ်ပြုပွဲတော်မင်္ဂလာ အခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့က အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အပိုင်းခွဲ၍ကျင်းပရာ နံနက်ပိုင်းတွင် ဆရာတော်၊ သံဃာတော်များ သိမ်ဝင်ခြင်း၊  စွန်တောင်းကျောင်း(၇၅)နှစ်ပြည့်အထိမ်းအမှတ် စေတီငယ်(၁၈၅)ဆူအား ထီးတော်တင်လှူခြင်းများဆောင်ရွက်ကြပြီး နေ့လယ်(၁)နာရီတွင် ဘွဲ့ဆက်ကပ်ခြင်းနှင့် ရေစက်ချအခမ်းအနားကိုကျင်းပရာ၊ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ကြသည်။ ဆက်လက်၍ ဝမ်ယမ်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဝိစက္ခဏနှင့် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဓန္တကောသလ္လတို့၏ ထေရုပ္ပတ္တိအကျဉ်းများကို ဝတ်ရွတ်အသင်းများကဖတ်ကြားကြပြီး၊ နိုင်ငံတော်ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်နှင့်တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကြသည်။ ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါးတို့က ကျေးဇူးတင်စကားများ ပြန်လည်မြွက်ကြားကာ ရေစက်ချကုသိုလ်အမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ စွန်တောင်းဘုန်းတော်ကြီးကျောင်း (၇၅)နှစ်ပြည့် စိန်ရတုစေတီထီးတော်တင်ပွဲနှင့် နိုင်ငံတော်မှပေးအပ်သော ဘွဲ့တံတော်ရ ဆရာတော်(၂)ပါးအား ဂုဏ်ပြုပွဲတော်မင်္ဂလာ အခမ်းအနားသို့ မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာရှင်၊ အလှူရှင်များ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)