ပုဗ္ဗသီရိ ဧပြီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင်များအနေဖြင့် ပညာရေးသာမက ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းနှင့် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းများတွင် မတ် ၂၅ ရက်မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းအေးနှင့် အားကစားနည်းပြများကအနီးကပ်ကြီးကြပ်၍ အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် အေရ်ုးဗစ်၊ မြန်မာ့သိုင်း စသည့် အားကစားနည်း ၆ မျိုးကို ကျောင်းသား၊ကျောင်းသူ ၄၄၅ ဦးအား မတ် ၂၅ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်သည်။
အဆိုပါ သင်တန်းများကို ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင်များက အားလပ်ရက်အချိန်များကို အကျိုးရှိစွာအသုံးချ၍ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်လာစေရန်ရည်ရွယ်၍ နေ့စဉ် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး နွေရာသီ အဆင့်မြင့်သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
အောင်ကို(ပုဗ္ဗသီရီ)