တွံတေးမြို့နယ်၌ အိမ်တွင်းလက်မှုသိုးမွှေးချည်ထိုးနည်း သင်တန်းဖွင့်လှစ်

တွံတေး ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီ အိမ်တွင်းလက်မှု သိုးမွှေးချည်ထိုးနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သင်တန်းဖွင့်ပွဲတွင် တွံတေးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းရီက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက နွေရာသီအားလပ်ရက် ကျောင်းသူများ၊ အမျိုးသမီးငယ်များ အိမ်တွင်းမှုအတတ်ပညာ တတ်မြောက်၍ မိသားစုတစ်ဖက်တစ်လမ်းကနေ ဝင်ငွေတိုးပွားလာစေရန်၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုအနေဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် လက်မှုပညာတစ်ခုဖြစ်သော အိမ်တွင်းလက်မှု သိုးမွှေးချည်ထိုးနည်းသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် နည်းပြဆရာမ ဒေါ်မျိုးကလျာရွှေက လက်မှုအတတ်ပညာတတ်ထားလျှင် မိသားစုဝင်ငွေတိုးမည့်လုပ်ငန်းဖြစ်သည့်အတွက် ကြိုးကြိုးစားစားလေ့လာသင်ယူကြရန်ပြောကြားပြီး ချည်ထိုးမည့်သင်ထောက်ကူပစ္စည်းများနှင့် မိတ်ဆက်ပြသခဲ့သည်။ ထို့နောက် အုန်းပင်စုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးမြသောင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ 

အဆိုပါ အိမ်တွင်းလက်မှုချည်ထိုးနည်းသင်တန်းကို နည်းပြဆရာမ ဒေါ်မျိုးကလျာရွှေနှင့် အကူနည်းပြတစ်ဦးတို့က သင်တန်းသား(၂၀)ဦးကို ဧပြီ(၂)ရက်နေ့မှ (၁၁)ရက်နေ့အထိ သင်တန်းကာလ (၁၀)ရက်တိတိ နံနက် ၉နာရီမှ နံနက် ၁၂ နာရီအထိ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး