သထုံမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

သထုံ ဧပြီ ၂

မွန်ပြည်နယ်၊ သထုံမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်အဆင့် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအဖွဲ့ပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သထုံမြို့၏ ဗဟိုရေကစားမဏ္ဍပ်ကို သထုံမြို့လယ် ရွှေစာရံစေတီတော်မြတ်ကြီး အနောက်ဘက်မုခ်အရှေ့ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းနံဘေး အဝေးပြေးယဉ်ရပ်နားကွင်းအတွင်း၌ တည်ဆောက်သွားမည်ဖြစ်ပြီး ယိမ်းအဖွဲ့ ၆ ဖွဲ့တို့က ယှဉ်ပြိုင်ခြင်း၊ နေ့စဉ်အဖွဲ့အစည်းအသီးသီးနှင့် ရပ်ကွက်တို့မှယိမ်းအဖွဲ့များ၊ အနုပညာရှင်များတို့၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေကြမည့် ယိမ်းအဖွဲ့များ မိမိတို့ရပ်ကွက်အလိုက် သတ်မှတ်နေရာအသီးသီး၌ ကြိုတင်လေ့ကျင့်လျက်ရှိသည်။

သထုံမြို့နယ်တွင် ယခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ်များ၊ ရိုးရာသင်္ကြန်ယိမ်းအကပြိုင်ပွဲများ၊ အနုပညာရှင်တို့၏ ဖျော်ဖြေရေးအစီအစဉ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ စသည်တို့ဖြင့် ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)