ညောင်ဦး ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားအထွဋ်စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ဧပြီ ၁ ရက်နံ နက် ၉ နာရီက စတင်ကပ်လှူပူဇော်ကြောင်းသိရသည်။
အလိုတော်ပြည့်ဘုရား အထွဋ်စေတီရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအား အလိုတော်ပြည့် စာသင်တိုက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်(မဟာသဒ္ဓမဇောတိကဓဇ) ဘဒ္ဒန္တပဏ္ဍိတက စတင်ကပ်လှူပူဇော်ခဲ့ပြီးနောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် ကော်မတီဝင်များ၊ အလိုတော်ပြည့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက အထွဋ်စေတီ လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းစတင်ကပ်လှူသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားအား AD-11 ရာစုက ကျန်စစ်သားမင်းကြီးတည်ထား ကိုးကွယ်ခဲ့ကာ ကျန်စစ်သားမင်းမဖြစ်မီ စစ်သူကြီး တာဝန်ထမ်းဆောင်နေချိန် ထိုအရပ်ဒေသအား သစ္စာအဓိဋ္ဌာန်ပြုအောင်မြင်ခဲ့ခြင်းကြောင့် အလိုတော်ပြည့်ဘုရား တည်ထားကိုးကွယ်ခဲ့ကြောင်းသိရသည်။ ဒုတိယအကြိမ် ပြန်လည်ပြုပြင်မွမ်းမံသူမှာ မြန်မာသက္ကရာဇ် ၅၅၆ ခုနှစ်တွင် မင်းဆရာသင်ကြီး ငတုတ်သင်က ပြန်လည်ပြုပြင်ထားကြောင်း အလိုတော်ပြည့်ဘုရားအဝင်ဘယ်ဘက်ခြမ်းတွင် နံရံဆေးရေးပန်းချီရေးထိုးထားခြင်းများ အရသိရပြီး နှစ်ကာလရှည်ကြာလာသောအခါ ချုံနွယ်၊ မြက်၊ ပေါင်းများ ထူထပ်ပေါက်ရောက်အုပ်မိုးပေါက်ရောက်နေရာမှ အလိုတော်ပြည့်ဘုရားအား ၁၃၅၄ ခုနှစ် နတ်တော်လပြည့်နေ့တွင် ကျောက်ပန်းတောင်းမြို့ ညောင်ဦးမြို့ မဟာအောင်မြေစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော် မဟာဂန္တာဝါစကပဏ္ဍိတ ကမ္မဌာနာစရိယ နယ်လှည့်ဓမ္မကထိက နယ်စပ်ဒေသသာသနာပြုဆရာတော် ဘဒ္ဒန္တအရိယဝံသမထေရ်မြတ်သည် တိမ်မြှုပ်နေသော ရှေးဟောင်းအမွေအနှစ် အလိုတော်ပြည့်မြတ်စွာဘုရားကြီးအား ဆရာတော်က ဦးဆောင်ကာ ချုံနွယ်ပိတ်ပေါင်းများအား အရိယဝံသဆရာတော်ကြီးကိုယ်တိုင်ဦးစီးတော်မူကာ ပတ္တနာဆုအာသီသအဓိဋ္ဌာန်ပြုကြပြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကမ္ပည်းမှတ်တမ်းများမှသိရသည်။
အလိုတော်ပြည့်ဘုရား၏ ထူးခြားအံ့ဩဖွယ်ကောင်းသော ဝိသေသလက္ခဏများ ၁၃၅၄ ခုနှစ်၊ နတ်တော်လပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနေစဉ် ဖူးမြင်ရသူ ဒါယကာ၊ ဒါယိကာမအပေါင်း အံ့ဩလောက်အောင် စေတီတစ်ဆူလုံး ဖြူ၊ နီ၊ ရွှေ၊ ပြာအရောင် အဆင်းအမျိုးမျိုးတို့ဖြင့် ဓာတ်တော်များ စေတီအပေါ် ၁၀ ပေခန့် လျှံတက်ကွန့်မြူး တော်မူခြင်း၊ဘုရားစေတီအတွင်းသို့ ဖူးမြှော်သူတိုင်း စိတ်နှလုံးကြည်လင်ပြီး သဒ္ဓါတရားများ ပြင်းပြစွာဖြစ်ပေါ်လာခြင်း၊ အလိုတော်ပြည့်ဘုရားသို့ ဖူးမြော်ာ်ရန်ရောက်ရှိသူတိုင်း ငါးပါးသီလခံယူတည်ဆောက်၍ ဂုဏ်တော်ကိုးပါးပွားများပြီးလျှင် မိမိလိုသော ဆုတစ်ပန်ဆင်ပါက အလိုပြည့်ကျောင်းသိရသည်။
စေတီလေးမျိုးဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတို့တွင် အလိုတော်ပြည့်စေတီသည် သမိုင်းဝင် ဓာတုစေတီဖြစ်ကြောင်း အေဒီ (၁၁) ရာစု ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့ကြောင်း ဗိသုကာလက်ရာများမှ တစ်ဆင့်သိရှိခဲ့ရကြောင်း စေတီတော်လိုဏ်အတွင်း မင်စာအထောက်အထားများရှိသည့် အလိုတော်ပြည့်ဘုရားဟူသည် အလိုတော်ပြည့်မြတ်စွာဘုရားကြီးဖြစ်ကြောင်းသိရသည်။
ဒီပါလင်း