တွံတေး ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် လူငယ်များအတွက် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို တစ်လအကြာဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းဆင်းပွဲကို မတ်လ (၃၁) နေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ တွံတေးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းရီ၊ အင်္ဂလိပ်စကားပြော သင်တန်းနည်းပြဆရာမ ဒေါ်ရွှန်းလတ်လဲ့က သင်တန်းဆင်းအဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ရခြင်း၏ အကျိုးကျေးဇူးများနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းဆရာမများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တွံတေးခရိုင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးမှပေးအပ်သော ပထမဆု ၅၀၀၀၀ ကျပ်၊ ဒုတိယဆု ၃၀၀၀၀ ကျပ်၊ တတိယဆု ၂၀၀၀၀ ကျပ်ကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌကိုယ်စား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းရီနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာကြသူများနှင့် သင်တန်းသားများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းရီနှင့်အဖွဲ့က အအေးနှင့် မုန့်များပေးအပ်လှူဒါန်းပေးကာ တက်ရောက်လာသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ အခြေခံအင်္ဂလိပ်စားပြောသင်တန်းကို မတ်လ ၄ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၃၁) ဦးက တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်များအတွင်း အကျိုးရှိစေရန်အတွက် လူထုအခြေပြုဗဟိုဌာနများ၌ သင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင် တွံတေး