ပင်လောင်းမြို့နယ်၌ ဆောင်းရာသီ ခရမ်းချဉ်သီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

ပင်လောင်း ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ကောင်လှိုင်းကျေးရွာတွင် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံအဖြစ် ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုးကို ရေထွက်များအနီးဝန်းကျင်၌ ရေသွင်း၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက် ရှိသည်။

သီးနှံများကို ပင်လောင်းမြို့နယ်အတွင်းရှိ ဈေးများအပြင် အောင်ပန်းမြို့အထိ သယ်ယူပြီး  ရောင်းချကြရကြောင်း၊ သီးနှံများ အောင်မြင် ဖြစ်ထွန်းသော်လည်း မြို့ကြီးများသို့ တင်ပို့ရန် အခက်အခဲရှိသောကြောင့် ဈေးကောင်းရရှိရန် မျှော်လင့်နေရကြောင်း တောင်သူများထံမှ သိရသည်။

“ပြီးခဲ့တဲ့နှစ်တွေက ဆောင်းရာသီမှာ ခရမ်းချဉ်သီးတွေကို မစိုက်ဖူးဘူး၊ အခုနှစ်မှ စမ်းစိုက်ကြည့်တာ၊ အခုချိန်မှာက ခရမ်းချဉ်သီးတွေ ဈေးကောင်းမရဘူး၊ သယ်ယူစရိတ်တွေလည်း မြင့်မားတဲ့ အတွက်ကြောင့် တစ်ဆင့်ခံပွဲစားတွေကိုပဲ အားထားပြီးရောင်းချနေရတယ်၊ အခုဆောင်းရာသီ က စမ်းစိုက်တဲ့ ခရမ်းချဉ်ပင်တွေ အောင်မြင်ဖြစ်ထွန်းပေမယ့် အသီးသီးပြီး ခူးဆွတ်ချိန်မှာ ဈေးကောင်းမျှော်လင့်ရပါတယ် ဟု ခရမ်းချဉ်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရဲမင်းပိုင် (ပင်လောင်း)