ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို ဗဟိုမဏ္ဍပ်၊ ယိမ်းအကအလှများနှင့်အတူ လမ်းလျှောက်သင်္ကြန်ပွဲတော်တို့ဖြင့် မိရိုးဖလာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်

မြစ်ကြီးနား ဧပြီ ၁

ခရစ်သက္ကရာဇ် ၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်)တွင် ကျရောက်တော့မည့် မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင်လည်းကောင်း၊ မင်းရပ်ပြည်သူ့ရင်ပြင်တွင်လည်းကောင်း၊ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းနေရာတွင်လည်းကောင်း လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

ယခုနှစ်တွင် မဟာသင်္ကြန်ပွဲတော်ကို ဆွမ်ပရာဘွမ်လမ်းမကြီး ကျောက်စိမ်းတုံးမီးပွိုင့်မှ မီးရထား သံကူးနေရာအထိ လမ်းအရှည် ပေ ၉၅၀ ပေါ်တွင် ဗဟိုမဏ္ဍပ်ကို ၁၂၂ ပေ × ၃၆ ပေ × ၄ ပေ အတိုင်းအတာဖြင့် တည်ဆောက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း အဆိုပါဆွမ်ပရာ ဘွမ်လမ်းမကြီးပေါ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လမ်းလျှောက်သင်္ကြန်အတွင်း စတုဒီသာမဏ္ဍပ်များ၊ မြန်မာ့တို့၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ရိုးရာသနပ်ခါး (နံသာလိမ်းခြယ်) မဏ္ဍပ်များနှင့် လောင်းလှေများဖြင့် ရေပက်ကစားနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူးဦးလှမိုးက ပြောကြား သည်။

ထို့အပြင်ဗဟိုမဏ္ဍပ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်နှင့် တက္ကသိုလ် များမှ ယိမ်းအဖွဲ့ (၁၈)ဖွဲ့တို့က ကပြဖျော်ဖြေယှဉ်ပြိုင် သွားမည်ဖြစ်ပြီး သင်္ကြန်ပွဲတော် ကာလအတွင်း စတုဒီသာမဏ္ဍပ်များအနေဖြင့် နေ့အလိုက် မြန်မာ့ရိုးရာလက်ဖက်၊ ထမင်းနဲနှင့် သင်္ကြန်နှင့် လိုက်ဖက်သည့် ရွှေရင်အေး၊ မုန့်လက်ဆောင်၊ မုန့်လုံး‌ရေပေါ် စသည်တို့ကို နံနက်ပိုင်းတွင် လူဦးရေ ၆၀၀၀ ၊ ညနေပိုင်းတွင် လူဦးရေ ၆၀၀၀ ဖြင့် တစ်ရက်လျှင် လူဦးရေ ၁၂၀၀၀ စာ ဧည့်ခံ ကျွေးမွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဂါလံ ၅၀၀၀၀ ဆံ့ ရေလှောင်ကန် (၂)ကန် တူးဖော်ဆောင်ရွက်ထားပြီး ရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားပြီးဖြစ် ကြောင်းနှင့် လမ်းလျှောက်သင်္ကြန်အတွင်း ရေပန်းများ၊ ပုသိမ်ထီး၊ ရောင်စုံထီးအလှများ တပ်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး ယခုနှစ်သင်္ကြန်ပွဲတော်ကို တမူထူးခြားပြီး စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆွမ်ပရာဘွမ်လမ်းမကြီး လမ်းလျှောက်သင်္ကြန်ပွဲတော် အပါအဝင် မြစ်ကြီးနားမြို့ မင်းရပ်ပြည်သူ့ရင်ပြင်အတွင်း၌လည်း ဧရာဦးပန်းခြံနှင့် မင်းရပ်ပြည်သူ့ရင်ပြင်အကြား အရှည်ပေ ၆၀၀ ရှိ ကမ်းနားလမ်းတစ်လျှောက်တွင်လည်း လမ်းလျှောက်သင်္ကြန်ပွဲတော် အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စီတာပူရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးရှိ ဧရာဝတီရှုခင်းသာတွင်လည်း သဲသောင် ပြင်လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါဧရာဝတီ ရှုခင်းသာသည် ဧရာဝတီမြစ်ဘေးတွင် ရှိသည့်အတွက် အများပြည်သူ ပျော်ရွှင်စွာ ဆင်နွှဲရာတွင် ဧရာဝတီမြစ်အတွင်း ရေကစားခြင်းနှင့် ပြည်သူများအန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေး တာဝန်ရှိသူများက လုံခြုံရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်၍ စည်ကားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)