တာမွေ ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် နွေရာသီအင်္ဂလိပ်သဒ္ဒါနှင့် စကားပြော(အတတ်သင်) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာမွေမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစံရှိန်က မုဒိတာစကား ပြောကြားခဲ့ကြောင်းနှင့် နည်းပြဆရာ ဦးဝဏ္ဏထွန်းက သင်ခန်းစာပို့ချချက်များ၊ ဆုရွေးချယ်စိစစ်ရေးနှင့် သင်တန်းသားများ ဆက်လက်လေ့လာရမည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက အမှတ်တရလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့သည်။
သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာမွေမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့ကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့က အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အင်္ဂလိပ်သဒ္ဒါနှင့် စကားပြော(အတတ်သင်)သင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လ (၂)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ (၁)လကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်သည့်အချိန်များတွင် ဘာသာစကားသင်တန်းများ တက်ရောက်ခြင်းဖြင့် မိမိတို့ဘဝအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ရပ်ကွက်နေလူငယ်လူရွယ်များအနေဖြင့်လည်း ယခုလို ဘာသာစကားသင်တန်းများ တက်ရောက်ခြင်းဖြင့် မိမိတို့ဘဝအတွက် အလုပ်အကိုင်အခွင့်အလမ်းများတွင် အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသားသင်တန်းသူ (၁၆၀)ဦးတို့ တက်ရောက်သင်ကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။
မို့မို့အောင် (ပြန်/ဆက်)