သံဖြူဇရပ် ဧပြီ ၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မီးလောင်မှု Fire Hotspot လျှော့ချရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမြင့်မြင့်ရှိန်က မီးခိုးမြူငွေ့နှင့် Fire Hotspot ဖြစ်ပေါ်မှုလျှော့ချနိုင်ရေးနည်းလမ်းများကို ဆွေးနွေးပြောကြားပြီး၊ မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်ဝင်းက မွန်ပြည်နယ်အတွင်း Fire Hotspot လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အကြောင်းအရာများကိုလည်းကောင်း၊ မော်လမြိုင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးက တောမီးလောင်မှုမဖြစ်ပေါ်စေရေး တားဆီးကာကွယ်ရေးဆိုင်ရာ အချက်(၈)ချက်ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ထွေးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် Fire Hotspot လျှော့ချရေးကို ဆွေးနွေးပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျင်သိန်းက ရိုးပြတ်များမီးရှို့ခြင်းမှ ကာကွယ်တားဆီးရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တောမီးနှင့်အခြားမီးလောင်ကျွမ်းမှုအား Video Clip ပြသခဲ့ပြီးနောက် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)