တာချီလိတ် ဧပြီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ တာချီလိတ် မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးသည့် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းထွဋ်ဦးက ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက် (၂)ရပ်ကို အကောင်အထည်ဖော်နိုင်ရန် နည်းနာ (၃)ရပ်၊ ရောဂါအညွှန်းကိန်းများ၊ ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ၊ အစား အစာ၊ တိရစ္ဆာန် များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ငှက်ဖျား၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မိခင်နှင့်မွေးကင်းစကလေး မေးခိုင်ရောဂါများ၏ ရောဂါလက္ခဏာ သတ်မှတ်ချက်များ၊ ရောဂါဖြစ်စေနိုင်သည့် အကြောင်းအရင်းများနှင့် စောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ခြင်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊ Myanmar Health Vision(2030)ပါ ရည်မှန်းချက်များ၊ သွေးလွန်တုပ်ကွေးနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များအလိုက် သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးသည်။
ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အောက်ဆီဂျင်အိုးများ၊ Flow Meter များနှင့် အရေးပေါ်လူနာများကို လွှဲပြောင်းရာတွင် ကူညီပေးခဲ့ကြသည့် လူမှုကူညီရေးအသင်းများကို ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ပြီး တာဝန်ရှိသူများက တက်ရောက်လာသူများအား ဆေးစိမ် ခြင်ထောင် များ၊ Mask များ ဖြန့်ဝေပေးသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလင်းထွဋ်ဦး၊ ကလေးအထူးကုဆရာဝန် ဒေါက်တာ မေမီပြည့်ဖြိုးခိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနများမှ သူနာပြုဆရာမများ၊ ခရိုင်/မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးရာအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကိုယ်ပိုင်ဆေးရုံဆေးခန်းများနှင့် မိတ်ဖက်ကျန်းမာရေးအဖွဲ့အစည်းများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)