ပုသိမ်ကြီး ဧပြီ ၁
ကျောင်းသား၊ ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်ရှည်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် အားကစားသမားများ တက် ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုငွေ၊ သင်တန်းဆင်းလက်မှတ်တို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက အခြေခံအားကစားတက်မြောက်မှု သရုပ်ပြသ တင်ဆက်ခဲ့ကြကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်အနေဖြင့် နွေရာသီအခြေခံ အားကစားနည်းသင်တန်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊တိုက်ကွမ်ဒို၊Fitness Dance၊ ခရစ်ကတ်အားကစားနည်းများကို မတ်လ ၁၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
မေဝတီ (မြို့နယ်ပြန်/ဆက်)