သထုံမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

သထုံ မတ် ၃၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က ယခုနှစ် သင်္ကြန်ပွဲ‌တော်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယိမ်းအဖွဲ့များ ရပ်ကွက်အလိုက်ထွက်ရှိကြရေးနှင့် ယိမ်းအကပြိုင်ပွဲများကို စနစ်တကျ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး ထိုက်တန်သည့်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ပွဲတော်ကျင်းပ‌ရေး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ဗဟိုမဏ္ဍပ်စင်မြင့်တည်ဆောက်ရေးနှင့် ပြင်ဆင်ရေးလုပ်ငန်းများ၊ လုံခြုံရေး၊ ရေရရှိရေး၊ စတုဒိသာများဧည့်ခံကျွေးမွေးရေး၊ ဖျော်ဖြေရေး၊ ယိမ်းပြိုင်ပွဲများကျင်းပ‌ရေး၊ ရန်ပုံငွေရရှိရေး စသည်တို့ကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သထုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ်များ၊ ရိုးရာသင်္ကြန်ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲများ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)