မှော်ဘီ မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကစ္စည်းသဒ္ဒါကြီးဘာသာကျမ်းစာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က မှော်ဘီမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်ကြီး၌ ဆက်လက်ဖြေဆိုသည်။
အဆိုပါ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် ကစ္စည်းသဒ္ဒါကြီး ဘာသာကျမ်းစာမေးပွဲဖြေဆိုရာသို့ စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ မှော်ဘီမြို့ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ ကြွရောက်တော်မူကြပြီး မှော်ဘီမြို့နယ် သာသနာရေးမှူးများ၊ ကျန်းမာရေး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။
ဆက်လက်၍ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဘာသာရပ်အဖြစ် ကစ္စည်းသဒ္ဒါကြီး ဖြေဆိုသောကျမ်းရင်းတွင် သံဃာတော်နှင့် သီလရှင် (၁၂၃၂)ပါး စာရင်းပေးသွင်းထားရာ ယမန်နေ့တွင် သံဃာတော်နှင့်သီလရှင် (၉၇၂)ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပထမကြီးတန်း (၁၁၃)ပါးတွင် ဖြေဆိုသူ (၉၆)ပါး၊ ပျက်ကွက် (၁၈)ပါးရှိပြီး ပထမလတ်တန်းစာရင်းရှိ (၁၇၂)ပါး၊ ဖြေဆို (၁၃၆)ပါး၊ ပျက်ကွက် (၃၆)ပါး ပထမငယ်တန်းစာရင်းရှိ (၃၂၀)ပါး၊ ဖြေဆို (၂၅၆)ပါး၊ ပျက်ကွက် (၆၄)ပါးပျက်ကွက်၍ အခြေပြုမူလတန်းဖြေဆိုရာတွင်လည်း စာရင်းရှိ (၆၂၇)ပါး၊ ဖြေဆို (၄၈၅)ပါး ပျက်ကွက် (၁၄၂)ပါး စုစုပေါင်း (၂၆၀)ပါး ပျက်ကွက်ကြောင်းနှင့် ဘာသာရပ်အလိုက် ဖြေဆိုလျက်ရှိသော စာမေးပွဲအား ဧပြီလ (၄)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာသို့ ထေရ်ကြီးဝါကြီးဆရာတော်များ၊ မှော်ဘီမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အရှင်ဦးဃောသိတဆရာတော်နှင့် အဖွဲ့များ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်များ ကြွရောက်တော်မှုခဲ့ရာ ဆရာတော်များမှ လှည့်လည်စစ်ဆေးကြည့်ရှုခဲ့သည်။
စာမေးပွဲဖြေဆိုရာသို့ မှော်ဘီမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင် ဗိုလ်မှူးပြည့်စုံကျော်၊ အဖွဲ့ဝင် ဦးဝင်းစိုးနှင့် တာဝန်ရှိသူများ၊ မှော်ဘီသာသနာရေးမှူးများနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အကျိုးတော်ဆောင်များ၊ ဘာသာရေးအသင်းအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြပြီး ရေသန့်ဗူးနှင့်အချိုရည်များ လိုအပ်သည်များအား ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဇော်