မိုင်းဆတ် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ယနေ့နံနက်(၈) နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်၊ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ်(၂၃၀.၄၄၆)သန်းဖြင့် တင်ဒါ အောင်မြင်သည့် တင်မြင့်ရီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အလျား(၇၀)ပေ၊ အနံ(၄၄)ပေ၊ အမြင့်(၂၄)ပေ RC နှစ်ထပ် ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးဆောက်လုပ်ရန် ပြင်ဆင်နေမှုအခြေအနေကို ကြည့်ရှု၍ ကုမ္ပဏီတာဝန်ရှိသူတို့အား လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၅၉.၂၁၄)သန်းဖြင့် တင်ဒါ အောင်မြင်သည့် L.M.C Family ကုမ္ပဏီမှ တာဝန်ဆောင်ရွက်လျက်ရှိသော တန့်ဆိုင်ကျေးရွာအုပ်စု၊ မယ်ပန် ရေအားလျှပ်စစ်စက်ရုံသွားလမ်း(၄.၃)မိုင်အနက် (၄)မိုင်ကျောက်လမ်းခင်းပြီးဖြစ်၍ ကျန်ရှိသော(၃)မိုင် ကျောက်လမ်းခင်းခြင်းဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ မယ်ပန်ရေအားလျှပ်စစ်စက်ရုံသွားလမ်းသည် မိုင်းဆတ်မြို့ မီးလင်းရေးလုပ်ငန်း အသုံးပြုရန်နှင့် ကျေးရွာ(၃)ရွာရှိ အိမ်ခြေ(၁၂၆)အိမ်မှ လူဦးရေ(၆၄၂)ဦးတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ခရီးသွားလာရေး အကျိုးပြုနိုင်သည့်လမ်းဖြစ်ကြောင်း ဒေသခံ ဦးပီတာထံမှသိရသည်။
မြင့်မောင်(ပြန်/ဆက်)