မံစီမြို့ အဝင်အထွက်ကျန်းမာရေး စစ်ဆေးဆောင်ရွက်သည့်နေရာအတွင်း အလိုအလျောက် အပူချိန်တိုင်းစက် တပ်ဆင်သွားမည်

မံစီ      ဇန်နဝါရီ      ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မြို့အဝင်အထွက်ကျန်းမာရေးစစ်ဆေး ဆောင်ရွက်သည့် နေရာအတွင်း အလိုအလျောက်အပူချိန်တိုင်းစက် (၃) လုံး တပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အလိုအလျောက် အပူချိန်တိုင်းစက်များကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ၏ အစီအစဉ်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် ၁၀ နာရီက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ပြည့်ဇော်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့ဝင်များက မြို့အဝင်အထွက် ကျန်းမာရေးစစ်ဆေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသည့် တာဝန်မှူးများထံသို့ လွဲပြောင်း ပေးအပ်ခဲ့ကြသည်။

မြို့အဝင်အထွက်ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင်လူချင်း ထိတွေ့မှုကို လျော့နည်း စေပြီး တာဝန်ထမ်းဆောင်သည့်သူများ ပိုမိုအဆင်စေရန် ရည်ရွယ်၍ အလိုအလျောက် အပူချိန် တိုင်းစက်များကို တပ်ဆင်အသုံးပြုခြင်းဖြစ်ပြီး ကျန်းမာရေးစစ်ဆေးရေးဂိတ် အမှတ်-၁ (မီးသတ်ဂိတ်)၌ ၂ လုံး၊ ဂိတ်အမှတ်-၂ (သစ်ပုံဂိတ်)၌ ၁ လုံး စသည်ဖြင့် စုစုပေါင်း စက် ၃ လုံးကို တပ်ဆင်အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ရိန် (ပြန်/ဆက်)