ရပ်စောက် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကောင်းဘို့ ကျေးရွာ ကိုးဆူဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဖွင့်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် က အဖွင့်အမှာစကားကို လည်းကောင်း၊ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ဦးနှင့် မြို့နယ်ဦးစီးမှူး ဦးရှေးရယ်တို့က သင်တန်းဖွင့်လှစ် ပေးရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်း ဆောင်ရွက်ချက်များ ကိုလည်းကောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းဆရာမများမှ သင်ကြားပို့ချမည့် သင်ခန်းစာများ၊ လက်တွေ့ ဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများမှ စက်ချုပ် သင်တန်းအတွက် သင်ထောက်ကူ ပစ္စည်းများကို သင်တန်းသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းဆရာမနှင့်သင်တန်းသူများ အင်အား(၃၀)ဦးခန့် တက်ရောက်ကြပြီး သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက် နှင့်အညီ သင်တန်းကာလ (၁၂.၁.၂၀၂၁ မှ ၁၁.၂.၂၀၂၁) အထိ(၁)လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)