မော်လမြိုင် ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန်အတွက် တတိယအကြိမ် ပြင်ဆင် ထားသည့်ဥပဒေ၊ နည်းဥပဒေများ အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက်၉နာရီကစတင်၍ ရွှေတောင်ရပ်ကွက်နှင့် စစ်ကဲကုန်းရပ်ကွက်တို့၌ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ်ရဲမှူးဦးသိန်းတိုး၊ မြို့နယ်မီးသတ်ဦးစီး မှူး ဦးစိုးကျော်သူ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်စိုး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးမှူး ဒေါ်ဇာဖြူဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဝါဝါရီတို့က ကွင်းဆင်း ဆောင်ရွက်ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြင်ဆင်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာ၌ သတ်မှတ် စည်းကမ်းများအညီ စနစ်တကျ စိစစ်ရွေးချယ်နိုင်ရေးတို့ကို ရှင်းလင်းသည်။ ထို့နောက်ကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ်ရဲမှူး ဦးသိန်းတိုးက ရပ်ကွက်အလိုက်ကြီး ကြပ်ရေးအဖွဲ့၏ ဆောင်ရွက် ပေးရမည့် လုပ်ငန်းတာဝန်များနှင့် ဥပဒေ၊ နည်းဥပဒေပါပြဌာန်းထားသည့် စည်းကမ်းချက်များ၊ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဝါဝါရီက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ပြည့်စုံရမည့်အချက်များကို ဆွေးနွေးပေးသည်။ ထို့နောက် တက်ရောက်လာသော ရပ်ကွက်ပြည်သူများက သိရှိလိုသည့်အိမ်ထောင်စုနှင့် သက်ဆိုင်အချက်များ မေးမြန်းဆွေးနွေး ကြရာ တာဝန်ရှိသူများဖြေကြားပေးကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)