မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း (Mask)နှင့် လက်သန့်ဆေးရည်(Hand Gel)များ လာရောက်လှူဒါန်း

မိုင်းဖြတ် သြဂုတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီမှ နှာခေါင်းစည်း(Mask)နှင့် လက်သန့်ဆေးရည်(Hand Gel) များကို ယနေ့ နံနက် ၈  နာရီက  လာရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကွမ်းမြင့် တာချီလိတ်မြို့နှင့် အထွေထွေမန်နေဂျာ ဦးလှမြင့်တို့က နှာခေါင်းစည်း(Mask) ၁၄၀၀၀ ခုနှင့် လက်သန့် ဆေးရည်(Hand Gel)၄၀၀ ဘူး ကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဌာနဆိုင်ရာများ အသုံးပြုရန်အတွက်လည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်ထံ လည်းကောင်း၊ အထက(မိုင်းဖြတ်)နှင့် အထက(ဟိုနား)ကျောင်းများအတွက် တာဝန်ရှိကျောင်းအုပ်ဆရာမကြီးများထံ လည်းကောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက်  ဒေါက်တာ ကျော်မျိုးဇော်ထံလည်းကောင်း အသီးသီးလိုက်လံ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)