အောင်မြေသာစံ မတ် ၃၁
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ၊ တိုင်းဒေသကြီး လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦး တက်ရောက်ကြသည်။
အစီအစဉ်အရ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လုံခြုံရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာကော်မတီ၊ စည်ပင်သာယာရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ကော်မတီများတွင် ပါဝင်သည့်အဖွဲ့ဝင်ဦးရေ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၏ အမည်စာရင်း၊ ကော်မတီများ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များနှင့် သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက်ရယူပြီး ကော်မတီများဖွဲ့စည်းကြောင်း ကြေညာသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက စက်မှု၊ စွမ်းအင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၊ ပြည်သူ့ရေးရာနှင့်လူမှုရေးဆိုင်ရာကော်မတီနှင့်ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ယင်းကော်မတီများအား ဖွဲ့စည်းရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်တို့၏ အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက ၎င်းကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး လွှတ်တော်ဥက္ကဋ္ဌက ကော်မတီများ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ပဉ္စမနေ့ ကျင်းပမည့်နေ့ရက်နှင့်အချိန်ကို ကြိုတင်အသိပေး ကြေညာမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)