နောင်ချို ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် နောင်ချိုမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဦးစီး အရာရှိ ဒေါက်တာ ဇော်မင်းသန့်နှင့် ဝန်ထမ်းများက နောင်ချိုမြို့ပေါ်(၆) ရပ်ကွက်ရှိ ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ပညာပေး လက်ကမ်းများ ဖြန့်ဝေခြင်း၊ Record Card များပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးပေးထားသည့် မိခင်မှပေါက်ဖွားလာသည့် ခွေး၊ ကြောင်များကို အသက် (၁၁) ပတ်မှစ၍ လည်းကောင်း၊ ကာကွယ်ဆေးမထိုးထားသည့် မိခင်မှ ပေါက်ဖွားလာသည့် ခွေး၊ ကြောင်များကို အသက် (၆) ပတ်မှစ၍လည်းကောင်း ကာကွယ်ဆေးထိုးပေးနိုင်ကြောင်း၊ နောင်ချိုမြို့နယ်အနေဖြင့် ခွေးကောင်ရေ (၁၈၈)ထိ ခွေးရူးရောဂါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးသွားမှာ ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ ခွေးများကိုလည်း ကာကွယ်ဆေးများသွားရောက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ခွေးကိုက်ခြင်းမှတစ်ဆင့် ခွေးရူးရောဂါဖြစ်ပွားမှုမရှိစေရန်နှင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်ပြီး "၂၀၃၀ တွင် ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် " ဆောင်ပုဒ်နှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးရခြင်းဖြစ် ကြောင်း သိရပါသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)