မိတ္ထီလာ မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်သိုင်းဆပ်ကော်မတီတို့ ဖွင့်လှစ်သော အခြေခံမြန်မာ့သိုင်းပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အခြေခံမြန်မာ့သိုင်းသင်တန်း ဆင်းပွဲအထိမ်းအမှတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်များကိုပြောကြားပြီး မြို့နယ်သိုင်းဆပ်ကော်မတီမှနည်းပြ ဦးကျော်မိုးက သင်တန်း ဆင်းအမှာစကားပြောကြားသည်။ အခြေခံမြန်မာသိုင်းပြိုင်ပွဲကို ကျင်းပရာ သင်တန်းသားသင်တန်းသား ၃ဝ ဦးအနက် ၁၁ ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြရာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက ကြည့်ရှုအကဲဖြတ်အမှတ်ပေးသည်။ ထိုနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ သင်တန်းနည်းပြများထံသို့ အမှတ်တရဂုဏ်ပြုလက်ဆောင်များကို ခရိုင်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် ဦးစီးအရာရှိဒေါ်မာလာဆွေဝင်းတို့ကပေးအပ်သည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိကြသူများထံသို့ ဂုဏ်ပြုဆုများကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်မြန်မာသိုင်းဆပ်ကော်မတီမှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ