လသာ မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ သိမ်ကြီးဈေး (ဃ) ရုံ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် တပ်ဆင်ထားရှိသည့် မီးသတ်ဆေးဗူးများ၏ အသုံးပြုနိုင်စွမ်း၊ သက်တမ်းနှင့် ထိန်းသိမ်းထားရှိမှုအခြေအနေများအား ယမန်နေ့ နံနက် ၉ နာရီက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမြို့နယ်ဦးစီးမှူး ဦးရန်မျိုးအောင် ဦးဆောင်သောအဖွဲ့က မီးသတ်ဆေးဗူးများ၏ ဖိအားအခြေအနေ၊ အသုံးပြုရလွယ်ကူမှု၊ သတ်မှတ်ထားသည့် နေရာများတွင် စနစ်တကျတပ်ဆင်ထားရှိမှုရှိမရှိတို့ကို အသေးစိတ်စိစစ်ခဲ့ပြီး လိုအပ်ချက်များကိုလည်း တာဝန်ရှိသူများအား အသိပေးညွှန်ကြားခဲ့သည်။
အဆိုပါစစ်ဆေးမှုသည် ဈေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုများကို လျော့နည်းစေရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်နိုင်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။
နေလင်း (ပြန်/ဆက်)