ထန်းတပင်မြို့နယ်၌ " သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး " ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ထန်းတပင် မတ်လ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုဆက်စပ်ပုံနှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏လူမှုစီးပွားဘဝများထိခိုက်နိုင်မှုများကို သိရှိနားလည်စေရန်ရည်ရွယ်၍ " သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး "ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မတ် (၂၉) ရက်နေ့ နေ့လယ်ပိုင်းက ငှက်သိုက်ကျေးရွာအုပ်စု၊ အပြင်သဲဖြူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့်နှင့် ငှက်သိုက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲများတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းက သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့လျော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ သစ်တောများထိန်းသိန်းရေးအကြောင်းနှင့် သစ်တောမှပေးစွမ်းနိုင်သောအကျိုးကျေးဇူးများအကြောင်း တက်ရောက်လာကြသည့် ကျေးရွာနေပြည်များကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ မြို့နယ်ဦးစီးဌာနမှူးကပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲများသို့ တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများကိုလည်း မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက အသိပညာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)