ထန်းတပင်မြို့နယ်၊ နဲသမိန်စံပြကျေးရွာ၌ သတ္တမအကြိမ်မြောက် နွေရာသီအခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ

ထန်းတပင် မတ် ၃၁

(၃၈) ဖြာမင်္ဂလာတရားတော်မြတ်များကို လိုက်နာကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နဲသမိန်စံပြကျေးရွာရှိ နဲသမိန်ခေမာသီဝံအထက်ဘုန်းတော်ကြီးကျောင်းတွင် သတ္တမအကြိမ်မြောက် နွေရာသီအခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်လျက်ရှိပြီး မတ် (၂၉) ရက်နေ့က သင်တန်းဆင်းပွဲကို အဆိုပါကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါသင်တန်းကို နဲသမိန်ခေမာသီဝံအထက်ကျောင်း၏ ဦးစီးပဓာနနာယက ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ၏ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တနန္ဒဝံသမှဦးစီး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲအခမ်းအနားတွင် ဆုရကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဒုတိယဥက္ကဋ္ဌ ဦးဇော်သိန်း၊ အတွင်းရေးမူး ဦးရန်လင်းအောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါသင်တန်းကို မတ်လ (၁၅) ရက်နေ့မှ မတ်လ (၂၉) ရက်နေ့အထိ နေ့စဥ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ (KG) အဆင့်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး၊ (၃၈) ဖြာမင်္ဂလာနှင့်ဗုဒ္ဓဝင်၊ ပြည်သူ့နီတိအခြေခံ ပထမအဆင့်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး၊ ဒုတိယအဆင့်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး၊ တတိယအဆင့်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးနှင့် ကွန်ပြူတာအတက်သင်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး စုစုပေါင်းသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၁၉၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)