မြန်မာ-တရုတ် နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)ကို (၂၄)နာရီဖွင့်လှစ်ပြီးနောက် ကုန်တင်ယာဉ်ငှားရမ်းခ ဈေးနှုန်းကျဆင်း

မူဆယ်     ဇန်နဝါရီ   ၁၃

မြန်မာ-တရုတ်နှစ်ကုန်စည်စီးဆင်းမှုမြန်ဆန်နိုင်ရေးအတွက် မူဆယ်မြို့၊ နယ်စပ်ဒေသ နှစ်နိုင်ငံအဝင်/အထွက်ဂိတ် (မန့်ဝိန်းဂိတ်)ကို ဇန်နဝါရီလ(၅)ရက်နေ့မှ စတင်၍ (၂၄)နာရီ ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံ၊ ပြည်တွင်းဘက်တွင် ကုန်တင်ယာဉ်ဌားရမ်းခဈေးနှုန်းသည် ယခင်ထက် ထက်ဝက်နီးပါးခန့် ဈေးကျသွားကြောင်း ကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။

ယခင်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (မန့်ဝိန်းဂိတ်)ကို အချိန်တိုးမြှင့်မဖွင့်လှစ်မီကာလ၌ ရန်ကုန်-မူဆယ် ကုန်တင်ယာဉ်ဌားရမ်းခသည် သိန်း(၄၀)ကျော်အထက်တွင် တည်ရှိပြီး လက်ရှိတွင် (၂၃)သိန်း အထက်ခန့်အထိ ငှားရမ်းခဈေးနှုန်းကျဆင်းလာခြင်းဖြစ်သည်။

“ဟုတ်ပါတယ်၊ မန့်ဝိန်းဂိတ်ကို အချိန်တိုးမြှင့်ဖွင့်လှစ်ပြီးနောက် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာသလို ကုန်တင်ယာဉ်တွဲကားတွေ ငှားရမ်းခဈေးနှုန်းဟာ  ယခင်ဈေးနှုန်းထက် (၄၀)ရာခိုင်နှုန်း ကျဆင်းသွားပါတယ်၊ အခုလို ကုန်တင်ယာဉ်ငှားရမ်းခတွေ ကျဆင်းလာပြီး ကုန်ကျစရိတ်နည်းလာတဲ့အတွက် ပြည်သူလူထုတွေ အတွက်လည်း ပိုမိုကောင်းမွန်လာတယ်” ဟု မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးစိုင်နွံက ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ၌ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု နှောင့်နှေးကျန့်ကြာပြီး တရုတ်နိုင်ငံဘက်သို့ ကုန်တင်ယာဉ်များဝင်ရောက်နိုင်ရန်အတွက် မူဆယ်မြို့၊ နယ်စပ်ဒေသတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်း၊ ခါလီယာဉ်များသည် တရုတ်နိုင်ငံ ဘက်တွင် ရက်ကြာသောင်တင်ပိတ်မိနေခြင်းတို့ကြောင့် ပြည်တွင်း ဘက်၌ ကုန်တင်ယာဉ် ငှားရမ်းခဈေးနှုန်း မြင့်တက်ခဲ့လေသည်။ လက်ရှိတွင် မန့်ဝိန်းဂိတ်၌ အဝင်/အထွက် မြန်ဆန်လာခြင်းကြောင့် ကုန်တင်ယာဉ်ငှားရမ်းခဈေးနှုန်း ပြန်လည်ကျဆင်းသွားခြင်းဖြစ်သည်။

“မန့်ဝိန်းဂိတ်မှာ အဝင်/အထွက်ပိုမိုမြန်ဆန်လာပြီးနောက် ပြည်တွင်းဘက်က ကုန်တင်ယာဉ်၊ ခါလီယာဉ်ငှားရမ်းခတွေ ဈေးနှုန်းကျဆင်းလာပါတယ်၊ ပြောရမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့ကာလမှာ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်ဖို့အတွက် ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပါ၊ မန့်ဝိန်းဂိတ်ကို အချိန်တိုးမြှင့်မဖွင့်လှစ်ခင်မှာတော့ ပြည်တွင်း ဘက်မှာ ခါလီယာဉ်ငှားရမ်းဖို့အတွက် ရှာဖွေမှုခက်ခဲနေသလို ဈေးနှုန်းလည်း တော်တော်မြင့်ပါတယ်၊ အခုတော့ ကုန်သည်တွေအတွက် ခါလီယာဉ်ငှားရမ်း ရှာဖွေမှုတွေ လွယ်ကူလာသလို ငှားရမ်းခ ဈေးနှုန်းပါကျလာတဲ့အတွက် ကုန်သွယ်စီးဆင်းမှုပိုမိုမြန်ဆန်လာတော့ဖို့ မျှော်လင့်ပါတယ်” ဟု ကုန်သည်ဦးသက်နိုင်က ပြောကြား သည်။

မူဆယ်မြို့၊ နယ်စပ်ဒေသကုန်သွယ်စီးဆင်းမှုနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့် ကာလ၌ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ကုန်သည်များအနေဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုကြောင့် ယခင်(၂၀၂၀)ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် သတ်မှတ်ထားသော လအလိုက်(၉၀) ရာခိုင်နှုန်းအထိ ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)