မူဆယ်မြို့၊ မန့်ဝိန်းဂိတ်မှတစ်ဆင့် ခါလီယာဉ်များထက် ကုန်တင်ပို့ကုန်ယာဉ်များကို ဦးစားပေး ဝင်ရောက်ခွင့်ပြု

မူဆယ်          ဇန်နဝါရီ    ၁၃

တရုတ်နိုင်ငံဘက်မှ တောင်းဆိုလာချက်အရ မူဆယ်မြို့၊ မန့်ဝိန်းဂိတ်မှတစ်ဆင့် ကုန်တင်ပို့ ကုန်ယာဉ်များကို ဇန်နဝါရီလ (၁၂)ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံဘက်ကို ဦးစားပေးအဆင့်ဖြင့် ဇန်နဝါရီလ(၁၄) ရက်နေ့အထိ ဝင်ရောက်ခွင့်ပြု ထားမည်ဖြစ်ကြောင်းသိရသည်။

မန့်ဝိန်းဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ကုန်တင်မည့်ခါလီယာဉ်များနှင့် ပို့ကုန်ယာဉ်များကို စနစ်တစ်ကျစိစစ်၍ ဝင်ရောက်ခွင့်ပြုလျက်ရှိရာ တရုတ်နှစ်သစ်ကူးနီးကပ်လာပြီး တရုတ်နိုင်ငံဘက်ရှိ အကောက်ခွန်ဌာနလည်း ယာယီရပ်နားထားမည်ဖြစ်သည့်အတွက် တရုတ်နိုင်ငံဘက်၌ ကုန်တင်မည့် သွင်းကုန်ပစ္စည်းများလည်း နည်းပါလာ၍ ကုန်တင်သည့် ပို့ကုန်ယာဉ်များကိုသာ ဦးစားပေးဝင်ရောက်ခွင့်ပြုရန် တရုတ်နိုင်ငံဘက်က တောင်းဆိုလာခြင်းဖြစ်သည်။

“တရုတ်နိုင်ငံဘက်က အဓိကတောင်းဆိုလာချက်အရ ဇန်နဝါရီလ(၁၂)ရက်နေ့က စတင်ပြီး ကုန်ပါတဲ့ ပို့ကုန်ယာဉ်တွေကို (၄/၁)ပုံစံနဲ့ ဦးစားပေးတင်သွင်းနေပါတယ်၊ (၄/၁)ဆိုတာက ကုန်ပါတဲ့ ပို့ကုန်ယာဉ်(၄)စီး ဝင်ရောက်ပြီးမှ ခါလီယာဉ်(၁)စီးဝင်ရောက်တဲ့ ပုံစံနဲ့ ဆောင်ရွက်နေတာပါ၊ တရုတ်နှစ်သစ်ကူးနီးကပ်လာပြီ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံဘက်မှာ ကုန်တင်မယ့် သွင်းကုန်ပစ္စည်း တွေလည်း လက်ရှိမှာ နည်းနည်းရှားနေတယ်လို့ သိရပါတယ်” လို့ မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သည်ကြီးများအသင်းမှ ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

တရုတ်နှစ်သစ်ကူးကာလ၊ အလုပ်ပိတ်ရက်တွင် တရုတ်နိုင်ငံဘက်ရှိ အကောက်ခွန်ဌာနနှင့် ဌာနဆိုင်ရာ ရုံးများကိုလည်း နှစ်စဉ်၊ နှစ်တိုင်းယာယီပိတ်ထားကြောင်းသိရပြီး နှစ်နိုင်ငံကုန်စည် စီးဆင်းမှု ထိခိုက်နစ်နာမှုမရှိစေရန်အတွက် တရုတ်နိုင်ငံဘက်က ကြိုတင်အသိပေး အကြောင်းထားကြောင်းလည်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)