မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)ကို (၂၄)နာရီဖွင့်လှစ်သည့် ကာလ၌ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု သိသိသာသာ မြန်ဆန်လာ

မူဆယ်        ဇန်နဝါရီ     ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)ကို (၂၄)နာရီအချိန်တိုးမြှင့်ဖွင့်လှစ်သည့် အချိန်ကာလအတွင်း၌ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုသည် ယခင်ထက် သိသာစွာ ပိုမိုမြန်ဆန်လာကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများ အသင်းမှ သိရသည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့်ကာလ၌ နှောင့်နှေးကျန့်ကြာနေသည့် မူဆယ်မြို့၊ နယ်စပ်ဒေသ၊ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုကို ပိုမိုမြန်ဆန်လာစေရေးအတွက် မန့်ဝိန်းဂိတ်ကို ဇန်နဝါရီလ(၅) ရက်နေ့မှ ဇန်နဝါရီလ(၁၄)ရက်နေ့အထိ စမ်းသပ်ကာလအနေဖြင့် (၁၀)ရက်ကြာ (၂၄)နာရီ အချိန်တိုးမြှင့်ဖွင့်လှစ်ရန် နှစ်နိုင်ငံ၊ နယ်စပ်ဒေသ အာဏာပိုင်များက သဘောတူညီထားခြင်းဖြစ်သည်။

“မန့်ဝိန်းဂိတ်ကို (၂၄)နာရီအချိန်တိုးမြှင့်မဖွင့်လှစ်ခင်မှာတော့ တစ်ရက်မှာ ကုန်တင်ယာဉ်နဲ့ ခါလီယာဉ် အစီးရေ စုစုပေါင်းပျမ်းမျှ(၂၀၀)ကျော်ခန့် တရုတ်နိုင်ငံဘက်ကို ဝင်ရောက်နိုင်ပါတယ်၊ စတင်အချိန် တိုးမြှင့်ဖွင့်လှစ်တဲ့ ဇန်နဝါရီလ(၅)ရက်နေ့က စတင်ပြီးတော့ တစ်ရက်မှာ ပျမ်းမျှအစီးရေ (၄၀၀) ကျော်လောက် ဝင်ရောက်နိုင်ပါတယ်၊ ဒါကြောင့် အခုဆိုရင် ကုန်စည်စီးဆင်းမှုဟာ ယခင်ထက် ပိုမိုမြန်ဆန်လာပါပြီ၊ တရုတ်နိုင်ငံဘက်ကို ဝင်ရောက်နိုင်ရန် အတွက် မူဆယ်-(၁၀၅)မိုင်ကြားမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြတဲ့ ကုန်တင်ယာဉ်တွေလဲ ဒီရက်ပိုင်းမှာ တော်တော်များများ ဝင်သွားနိုင်ပါတယ်၊ မန့်ဝိန်းဂိတ်ကို (၂၄)နာရီအချိန် တိုးမြှင့်ဖွင့်လှစ်ခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူး တွေပဲ ဖြစ်ပါတယ်”လို့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးစိုင်းနွံက နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာကြောင်းကို ပြောကြားသည်။

မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများအသင်းအနေဖြင့် မန့်ဝိန်းဂိတ်၌ ဝန်ထမ်းတာဝန်ချ ထားခြင်းတို့ကို မူဆယ်မြို့၊ ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး (၂၄)နာရီအချိန် တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံကြိုတင်ပြင်ဆင်မှုများကို စနစ်တစ်ကျ စီစဉ်ဆောင်ရွက်မှု ကြောင့် ဆင်ပြေချောမွေ့လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ပို့ကုန်အနေဖြင့် ဖရဲသီး၊ သခွားမွှေး၊ ဆန်၊ ဆန်ကွဲ၊ ပဲသီစမ်း၊ သကြားရည်နှင့် အခြား လယ်ယာထွက် ပစ္စည်းများကို အဓိကတင်ပို့နေပြီး သွင်းကုန်အနေဖြင့် လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ စက်ပစ္စည်းအမျိုးမျိုး၊ ဆိုင်ကယ်၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဓာတ်မြေဩဇာနှင့် အိမ်ဆောင်ပစ္စည်း အမျိုးမျိုးတို့ကို့ အဓိကတင်သွင်းလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့်ကာလ၌ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုမြန်ဆန်လာစေရေးအတွက် မန့်ဝိန်းဂိတ်ကို လက်ရှိ(၂၄)နာရီဖွင့်လှစ်ထားသည့်အတိုင်း ဆက်လက်ဖွင့်လှစ် နိုင်ရန်အတွက် ကုန်သည်များက လိုလားနေကြသည်။ “ကျွန်တော်တို့ကတော့ အခုလိုမျိုး(၂၄)နာရီ အချိန်ပြည့် ဖွင့်လှစ်ဖြစ်နိုင်ရင် ပိုကောင်းတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဖက်နေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထု တွေအတွက် အကျိုးအမြတ်တွေလည်းရှိတယ်၊ ကုန်တင်ယာဉ်ဌားရမ်းခတွေလည်း ဈေးကျမယ်၊ ကုန်စည်စီးဆင်းမှုကလည်း ပိုမိုမြန်ဆန်လာတယ်၊ ဒါပေမယ့် အခုလို အချိန်တိုးမြှင့် ဖွင့်လှစ်တဲ့ အခါမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ တိုးမြှင့်ခန့်ထားတဲ့ အပိုင်းမှာတော့ ပင်ပန်းမှုတွေတော့ ရှိပါတယ်”လို့ ကုန်သည် ဦးကျော်မြင့်ဦးက ပြောကြားသည်။

မန့်ဝိန်းဂိတ်ကို (၂၄)နာရီအချိန် တိုးမြှင့်ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံ၊ ပြည်တွင်းဘက်၌ ကုန်တင်ယာဉ် ငှားရမ်းမှုသည် ယခင်ထက်(၄၀)ရာခိုင်နှုန်းကျဆင်းလာသည်။ စမ်းသပ် ကာလအဖြစ် မန့်ဝိန်းဂိတ်ကို ဇန်နဝါရီလ(၁၄)ရက်နေ့အထိသာ (၂၄)နာရီဖွင့်လှစ်မည်ဖြစ်ပြီး (၂၄)နာရီအချိန် ထပ်မံဖွင့်လှစ်နိုင်ရေး အတွက် ရက်တိုးမြှင့်ပေးနိုင်ရန်(သို့မဟုတ်) မြန်မာစံတော်ချိန် ည(၁၂)နာရီအချိန် အထိဝင်/ထွက် ခွင့်ပြုနိုင်ရန်အတွက် နှစ်နိုင်ငံ၊ နယ်စပ်အာဏာပိုင်များ (အလွတ်သဘော) တွေ့ဆုံညှိနှိုင်းမှုဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)