ကျောက်ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Mobile Phone ဖြင့် ဓာတ်ပုံနှင့် ဗီဒီယို(အခြေခံ) ရိုက်ကူး/တည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

ကျောက်ပန်းတောင်း မတ် ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နွေရာသီကာလ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များအချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် ဘာသာစကားနှင့် နည်းပညာများ အလွယ်တကူ သင်ယူလေ့လာနိုင်စေရန် နွေရာသီ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ၊ Mobile Phone ဖြင့် အခြေခံဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူး/ တည်းဖြတ်နည်း သင်တန်းကို မတ် ၃၀ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မေသက်နွယ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် လက်ရှိအချိန်တွင် မိမိတို့ လုပ်ငန်းဆောင်တာများ၊ စီးပွားရေးလုပ်ငန်းများကို ဖုန်းတစ်လုံးရှိရုံဖြင့် လွယ်လင့်တကူ မှတ်တမ်းတင်ရိုက်ကူးနိုင်နေပြီဖြစ်၍ မိမိတို့ ရိုက်ကူးလိုသည့် ဓာတ်ပုံ/ဗီဒီယိုများကို နည်းစနစ်မှန်မှန် ရိုက်ကူးတတ်စေရန် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းဖြင့် သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် သင်တန်းနည်းပြ ဦးနေအောင်(ဓာတ်ပုံကျွမ်းကျင်-၂)က မိတ်ဆက်စကားပြောကြားပြီး သင်တန်းကို Mobile ဖုန်းဖြင့် ဓာတ်ပုံရိုက်ကူး/တည်းဖြတ်နည်း နှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားပို့ချမည်ဖြစ်ကြောင်း၊ Mobile ဖုန်းဖြင့် ဓာတ်ပုံရိုက်ကူး/တည်းဖြတ်ရာတွင် လိုက်နာရမည့် အခြေခံအချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များ၊ သတင်း/မှတ်တမ်းဓာတ်ပုံကောင်းတစ်ပုံ ရရှိစေရန် ပြင်ဆင်ထားသင့်သည့် အချက်များနှင့် ရိုက်ကူးရမည့်ပုံစံများ၊ အလင်းရောင်၏ သဘောတရားများ အကြောင်းကို ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ Mobile ဖုန်းဖြင့် ဓာတ်ပုံ- ဗီဒီယို (အခြေခံ) ရိုက်ကူး/တည်းဖြတ်နည်း သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး မတ် ၃၀ ရက်တွင် ဓာတ်ပုံရိုက်ကူး/တည်းဖြတ်နှင့် မတ် ၃၁ ရက်တွင် ဗီဒီယိုရုက်ကူး/တည်းဖြတ်နည်းတို့ကိုနှစ်ရက်တာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်များမှ ဝါသနာရှင်များ စုစုပေါင်း ၈ ဦး တက်ရောက်လျက်ရှိသည်။

နေအောင်(ပြန်/ဆက်)