ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း

ပျော်ဘွယ် မတ် ၃၀

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ကျင်းပနိုင်ရေး၊ ယဉ်ကျေးမှုနှင့်အညီပျော်ရွှင်အေးချမ်းစွာဆင်နွှဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၃၀ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက မြန်မာ့ရိုးရာသင်္ကြန် ပွဲတော်ကို လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် အစဉ်အလာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ စတုဒိသာမဏ္ဍပ်ဆောက်လုပ်မည့်အခြေအနေများ၊ ရေရရှိရေးဆောင်ရွက်ရမည့်နည်းလမ်းများ၊ သင်္ကြန်ယိမ်းအကအဖွဲ့တို့ဖြင့် ကပြဖျော်ဖြေမည့် အခြေအနေများ၊ လုံခြံရေးဆိုင်ရာဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မည့်အခြေအနေ များကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

လမ်းလျှောက်သင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့ညနေပိုင်းတွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်း၊ ပွဲတော်ရက်အတွင်း စတုဒိသာမဏ္ဍပ်ဆောက်လုပ်၍ သင်္ကြန်ရိုးရာအစားအစာများ ကျွေးမွေးခြင်း၊ ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများဖြင့် ဖျော်ဖြေဧည့်ခံခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)