သီပေါ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများနှင့် အဘိုးအဘွားများအတွက် စားသောက်ကုန် (၇)မျိုးအား ယမန်နေ့ မွန်းလွဲပိုင်းက နှလုံးသား ပရဟိတ(သီပေါ)အဖွဲ့မှ တစ်အိမ်တက်ဆင်း သွားရောက် ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် သီပေါမြို့နယ်အတွင်းရှိ အလှူရှင်များနှင့်အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များကိုယ်စား နှလုံးသားပရဟိတအဖွဲ့(သီပေါ)မှ တာဝန်ရှိသူများက လီဆူရွာနှင့် ကုန်းသာကျေးရွာအုပ်စု ဟိုနောင်ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၆၅)စုအား စားသောက်ကုန် (၇)မျိုးစီ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြကြောင်းနှင့် ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများမှ အခက်အခဲရှိသော အိမ်ထောင်စုများသို့လည်း ဆက်လက်ထောက်ပံ့လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း ၊ ထို့အပြင်ကျေးရွာနေ ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်သွားလာသည့် အလေ့အကျင့် ရရှိလာစေရန် နှာခေါင်းစည်း (Mask)များ ပေးဝေကာအသိပညာပေးခြင်းနှင့်ကလေးငယ်များကိုလည်း မုန့်၊ Oval tine အထုတ်များ ပေးဝေ ခဲ့ကြကြောင်း သိရသည်။
အဆိုပါ နှလုံးသားပရဟိတအဖွဲ့(သီပေါ)သည် ကိုဗစ်−၁၉ကာလအတွင်း သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများရှိ စားဝတ်နေရေးအခက်အခဲရှိသောအိမ်ထောင်စုများအား ကွင်းဆင်းစာရင်းများ ကောက်ယူ၍ လစဉ်တစ်လလျှင် (၂)ကြိမ် ရပ်ကွက်၊ကျေးရွာများသို့ အလှည့်ကျ ထောက်ပံ့ပေးအပ် လှူဒါန်းလျက် ရှိကြောင်းသိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)