မိုးနဲမြို့ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့အား ရင်ပြင်ပေါ်သို့ ပင့်ဆောင်

မိုးနဲ မတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက်ရှိ မြောက်နှစ်ကျိပ်ရှစ်ဆူ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် ကြံ့ခိုင်မှု အားနည်းနေပြီဖြစ်သည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့အား စေတီတော်အထွတ်မှ ရင်ပြင်ပေါ်သို့ပင့်ဆောင်ခြင်းမင်္ဂလာအခမ်းအနားကို မတ်လ ၂၈ ရက် နံနက်ပိုင်းက အဆိုပါစေ‌တီတော်မြတ်ကြီးဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်လှူခြင်းနှင့် ဘက်စုံမွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် မြို့နယ်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မဟာရန်အောင်အုဋ္ဌ်ကျောင်းတိုက်ဆရာတော်၊ ပင့်သံဃာတော်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်‌ဂေါပကဥက္ကဋ္ဌ ဦးတိုးလှနှင့်အလှူရှင်မိသားစုများ တက်‌ရောက်ခဲ့ပြီး သီပေါမြို့ ဘော်ကျိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဒေဝိန္ဒထံမှသြဝါဒ တရာတော်များ ခံယူခဲ့ ကြသည်။

အဆိုပါစေတီတော်မြတ်ကြီး၏သက်တမ်းမှာ ၄၇၇ နှစ်ရှိပြီဖြစ်ကြောင်း၊ စိန်ဖူးတော်မှာ အလျားတစ်ပေ၊ စေတီ‌တော်ဉာဏ်တော်အမြင့်မှာ ၁၄၉ ပေ ၆ လက်မ၊ စေတီလှေကားထစ်ပါင်း ၁၄၅ ဆင့်၊ ခေါင်းလောင်းကြီး/ ခေါင်းလောင်းငယ်ပေါင်း ‌၁၆၂ လုံး၊‌ထီတော်အောက်ခြေအချင်း ၈ ပေ ရှိကြောင်း မြို့နယ်ဂေါပကဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း  သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)