မိုင်းဆတ် မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကြောင့် အများပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများနှင့် နိုင်ငံပိုင်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မတ်လ ၂၇ ရက် ညနေပိုင်းက ခရိုင်နှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးဝင်းမြတ်သူက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား အသိပညာပေးဟောပြောပြီး မီးသတ်ဆေးဘူးများဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ဝါယာကြိုးများနှင့် မီးခလုတ်ထားရှိမှု၊ အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများ(သဲပုံး၊ ရေပုံး၊ ခိုင်ခံ့သော မီးချိတ်မီးကတ်၊ လှေကား) ဆောင်ရွက်ထားရှိမှုနှင့် ရေသိုလှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတို့က မီးသတ်ဆေးဘူး ကိုင်တွယ် အသုံးပြုပုံနှင့် မီးငြှိမ်းသတ်ခြင်း၊ Gas မီးငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်မှု ငြှိမ်းသတ်ခြင်းစသည်တို့ကို လက်တွေ့ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာ ခရိုင်နှင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)