လဲချားတွင် နောင်ပန်-ဝမ်ယိန်း/ပန်တန် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်

လဲချား  ဇန်နဝါရီ  ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် နောင်ပန်-ဝမ်ယိန်း/ပန်တန် ဆက်သွယ် ထားသည့်လမ်းသည် လမ်းအရှည် (၁၂/၄)မိုင်ရှိပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဧရိယာဖြစ်သော (၄/၄)မိုင် မြေသားလမ်းဖောက်လုပ်ခြင်းအား ရှမ်းပြည်နယ် အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် (၂-၁၂-၂၀၂၀)တွင် စတင်ဖောက်လုပ်လျက်ရှိရာ လုပ်ငန်းတစ်ခုလုံး၏ (၃၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေသားလမ်းမှာ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဧရိယာ (၈/၀)မိုင်အပိုင်းမှ ကျောက်လမ်း (၅/၅)မိုင်၊ မြေလမ်း (၂/၄)မိုင် ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ၎င်းလမ်းအား နောင်ပန်ကျေးရွာ အုပ်စု နောင်ပန်-ဝမ်ပန်-ဟိုနား-ဝမ်မိုင်-နားကျိုင်းနှင့်ဝမ်ယိန်း/ပန်တန် ကျေးရွာအုပ်စု ဝမ်နောင်-ကောင်းခံနှင့်ပန်တန်ရွာ ဆက်သွယ်သည့် လမ်းဖြစ်သောကြောင့် ကျေးရွာအုပ်စု (၄)အုပ်စု၊ ကျေးရွာ (၁၁)ရွာ၊ အိမ်ခြေ (၆၅၂)၊ လူဦးရေ (၃၁၃၉)ဦး အသုံးပြုလျက်ရှိသည်။

အဆိုပါ နောင်ပန်-ဝမ်ယိန်း/ပမ်တန် မြေသားလမ်း (၄/၄)မိုင် ဖောက်လုပ်ပြီးစီးသွားပါက ဝမ်ယိန်း၊ပန်တန်၊ ဖန်လမ်းကျေးရွာအုပ်စု သည်အဆိုပါ မြေသားလမ်းမှ လဲချား၊ လွိုင်လင်၊ ပင်လုံ မြို့များသို့ တိုက်ရိုက် ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)