တိုက်ကြီးမြို့နယ်၌ (၂၆)ကြိမ်မြောက် လိမ္မာယဉ်ကျေးသင်တန်းဆင်းပွဲ ကျင်းပ

တိုက်ကြီး မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် ပုညရံသီမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော (၂၆)ကြိမ်မြောက် မူလတန်းနှင့် အလယ်တန်းအဆင့် လိမ္မာယဉ်ကျေးသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုညရံသီ မဟာစည်သာသနာ့ရိပ်သာတွင် ကျင်းပသည်။

ဦးစွာ ပုညရံသီ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဦးသောဘိတက သင်တန်းဆင်းဩဝါဒစကားမိန့်ကြားပြီး အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက နွေရာသီကျောင်းပိတ်ရက်တွင် အကျင့်စာရိတ္တကောင်းမွန်သည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေး အခြေခံအုတ်မြစ်ဖြစ်သည့် လိမ္မာယဉ်ကျေးသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ဆရာတော်နှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် အာဟာရဒါန အလှူရှင်များနှင့် ဆရာ၊ ဆရာမများကို ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဗုဒ္ဓဝင်၊ လိမ္မာယဉ်ကျေးနှင့် ၃၈ ဖြာမင်္ဂလာစာမေးပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆရာတော် ဦးသောဘိတနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)