နမ့်စန်(တ) မတ်-၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် စက်သုံးဆီ သုံးစွဲမှုအခက်အခဲမဖြစ်ပေါ်စေရေးနှင့် စက်သုံးဆီရောင်းဝယ်မှုအဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်အဆင့်ရေနံထွက် ပစ္စည်းအရောင်းဆိုင်များကြီးကြပ်မှုကော်မတီနှင့် စက်သုံဆီအရောင်းဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက စက်သုံးဆီရောင်းဝယ်မှုလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို လိုအပ်သည့်အချိန်အလိုက် ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း၊ နမ့်စန်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် လက်ရှိထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြား ချက်များနှင့် အသိပေးထုတ်ပြန်ချက်များအား သိရှိလိုက်နာစေလိုပါကြောင်း၊ မိမိတို့ရရှိသည့် ဆီခွဲတမ်းအလိုက် ရောင်းချနိုင်သည့် အရောင်းဆိုင်များအနေဖြင့် ဆိုင်များ မပိတ်ဘဲ ဆိုင်အားလုံးဖွင့်၍ ရောင်းချစေလိုကြောင်း၊ စက်သုံးဆီရရှိရန်စောင့်ဆိုင်းနေသည့် ဆိုင်များအနေဖြင့်လည်း ရရှိပါက အချိန်နှင့်တပြေးညီ ဖွင့်လှစ်ရောင်းချစေလိုကြောင်း၊ ပြည်သူများစက်သုံးဆီ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး အတွက် စေတနာထားကာ ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် စက်သုံးဆီဝယ်ယူသည့် ပြည်သူများအနေဖြင့်လည်း သတ်မှတ်စည်းကမ်းများ အတိုင်းလိုက်နာ၍ စနစ်တကျ ဝယ်ယူရန်လိုကြောင်း၊ ယခင်နေ့လယ်ပိုင်း စက်သုံးဆီရောင်းချပေးနေသည့် မော်တော်ဆိုင်ကယ်များကို ပူပြင်းလာသည့်ရာသီဥတုအခြေအနေအရ အချိန်ပြောင်းလဲ ရောင်းချပေးစေလိုကြောင်း၊ စက်သုံးဆီ ဈေးနှုန်းနှင့် ရောင်းချနေမှု အခြေအနေများကို ပြည်သူများ အချိန်နှင့်တပြေးညီသိရှိနိုင်ရန်အတွက် ဗီနိုင်းဆိုင်းဘုတ်များဖြင့် ထင်ရှား မြင်သာစွာ ကြေညာပေးထားစေလိုကြောင်းနှင့် အခြားလိုအပ်သည်တို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသော စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများက လက်ရှိစက်သုံးဆီ လက်ကျန် ပမာဏ၊ ရောင်းချနေမှု အခြေအနေ၊ ထပ်မံရောက်ရှိမည့် ဆီအခြေအနေများနှင့် ကြုံတွေ့ရသည့် အခက်အခဲ များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်အရ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စုံရက်၊ မရက်အလိုက် ယာဉ်များကို စက်သုံးဆီရောင်းချပေးရန်၊ မော်တော်ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီး ဦးထုပ်ဝတ်ဆင်လာမှသာ ရောင်းချပေးရန်၊ ဒီဇယ်အသုံးပြုမောင်းနှင်သည့် ယာဉ်များကို နေ့စဉ် နံနက် ၆နာရီမှ နေ့လယ် ၁၂ နာရီအတွင်း လည်းကောင်း၊ ဓာတ်ဆီ အသုံးပြုမောင်းနှင်သည့် ယာဉ် များကို နေ့လည် ၁နာရီ မှညနေ ၆ နာရီအတွင်း လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို (အပတ်စဉ် အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် စနေနေ့များတွင်) နေ့လယ် ၁၂ နာရီမှ ၁နာရီအတွင်းလည်းကောင်း၊ အခြား မော်တော်ဆိုင်ကယ်များကို နေ့စဉ်နံနက် ၇နာရီခွဲမှ နံနက် ၉ နာရီခွဲအတွင်း လည်းကောင်းသတ်မှတ်၍ ဆိုင်များအလိုက် စက်သုံးဆီအခြေအနေများပေါ်မူတည်၍ အချိန်တူညီစွာရောင်းချရေးနှင့် နေ့စဉ် စက်သုံးဆီရောင်းချမှု အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တပြေးညီ တင်ပြကြရန်တို့အား ဆုံးဖြတ်အတည်ပြုခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)